အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဆင်းပွဲကျင်းပ

အင်ဂျန်းယန် မေ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ် ပြုပြင်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ပလန (၂) ကျေးရွာတွင် နေထိုင်လျက်ရှိသည့် မြစ်ဆုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အင်ဂျန်းယန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသီဟက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးစောသီဟက အင်ဂျန်းယန်မြို့နယ်ဒေသမှ သင်တန်းသား (၂၀)ဦးတို့အား သင်တန်းဆင်းလက်မှတ်များနှင့် လက်သုံးကိရိယာများ ပေးအပ်ခဲ့ကြပြီး သင်တန်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာမှ အင်ဂျင်နီယာ (၃)ဦးတို့ကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင် ကျေးရွာ၊ စိန့်ဂျိုးဇက်အသင်းတော် (IDP Camp)နှင့် တြီနီတီ (IDP Camp) တွင် နယ်မြေ ဒေသအခြေအနေအရ နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်မှ သင်တန်းသား (၂၀)ဦးတို့အား မေ (၉)ရက်နေ့မှ မေ (၂၇) ရက်နေ့ထိ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ကျော်စိုးနိုင်(မြို့နယ်ပြန်/ဆက်)