ပေါင်မြို့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး Talk Show ကျင်းပ

ပေါင် ဧပြီ ၈

သထုံခရိုင်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာအသိပညာပေး(Talk Show)ကို ယနေ့မွန်းလွဲပိုင်းက မြို့နယ် လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက သဘာဝပတ်ဝန်းကျင်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် အသိပညာ ဗဟုသုတများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးရည်ရွယ်ချက်ဖြင့် Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမိုးကျော်သူမှ သစ်တောပြုန်းတီးမှုမရှိစေရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အစားထိုးအပင်စိုက်ပျိုးပေးနေမှု အခြေအနေများ၊ ပင်လယ်ရေ တိုက်စားမှုဒဏ်ကာကွယ်နိုင်ရေး ဒီရေတောစိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဂေဟစနစ်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်ဆောင်ရွက်ပါက ရရှိလာမည့် အကျိုး အကျေးဇူးများနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်မှုမရှိပါက သဘာဝပတ်ဝန်းကျင်နဲ့ လူသားများ အပေါ်ကျ ရောက်နိုင်သည့် အန္တရာယ်ဆိုင်ရာများကိုလည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဒါအပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများနှင့် လူသားများ၏ ဆင်ခြင်မဲ့လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနဲ့ သယံဇာတများ တစ်နှစ်မှတစ်နှစ် ယိုယွင်းပျက်စီးမှုများရှိနေကာ ပင်လယ်ရေနေသတ္တဝါများသည်လည်း မျိုးတုံးပျောက်ကွယ် လုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်လာရ​နိုင်ကြောင်း ပြောဆိုခဲ့သည်။

ထို့သို့ပျက်စီးမှုများအတွက် လူ့အဖွဲ့အစည်းအတွင်း ရေရှည်ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုများ လုပ်ဆောင်သွားမှသာ မိမိတို့အမှီသဟဲပြုနေရသော မြစ်ဂေဟစနစ်ကြီး ဆက်လက်တည်တံ့ သွားနိုင်မည် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံ၏သဘာဝရေသယံဇာတများ၊ ဒေသခံလူနေမှုပုံစံစနစ်များနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကိုပါ အဓိကထောက်တိုင်သဖွယ်ပံ့ပိုးပေးပြီး သဘာဝဖြစ်စဉ်များကိုပါ ထိန်းညှိပေးနေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းစေတဲ့ လှုပ်ရှားမှုတွေကို တွေ့ရှိပါက သက်ဆိုင်ရာဌာန များကို အကြောင်းကြားပေးစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

တင်ဇာစိုး(ပြန်/ဆက်)