ဆီဆိုင် မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန် ရေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဆီဆိုင်)၊ ယုဇနခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးစိုးသစ်က အမှာစကားပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းကလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားစိတ်ဓာတ် ပိုမိုသက်ဝင် ယုံကြည်ခြင်း သည် တစ်မျိုးသားလုံး၏ ကာယဉာဏ စာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကိုစိတ်ပါဝင်စားသည့် လူရွယ်များ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်နှင့် အားကစားအကြောင်းကိုလည်းကောင်း၊ နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ်မည့်အကြောင်းလည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ကျောင်းတွင် ဌာနမှ သတ်မှတ်ထား အရည်အသွေးနှင့်ကိုက်ညီပါက လျှောက်ထားနိုင်ကြောင်းကို ရှင်းလင်းပြောကြားပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဦးမေထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးကြီးဒဲရယ်က အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)