နမ္မတူ မတ် ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်ခန့်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် နမ္မတူမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြော သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၉၄၇၆ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၃၈၁၀ ဦး နှင့် ကျောင်းသား/ကျောင်းသူ ၁၈၈ ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ ၁၄၅၆၆ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)