မိတ္ထီလာ ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေကျပ် ၆၃.၁၆၀ သန်းဖြင့် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Four G Co;Ltd က တာဝန်ယူ၍ မြို့နယ်အတွင်းရှိ ဝါးရုံကျေးရွာအုပ်စု ဖိုးမိုးကြီးကုန်းကျေးရွာတွင် အကျယ် (၄)လက်မ အနက် ပေ ၇၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ပေ၊ အမြင့် ၇ ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းများ၊ မြင်းကန်ကျေးရွာအုပ်စု ဆင်စလွယ်ကျေးရွာတွင် အကျယ် (၄)လက်မ ၊ အနက် ပေ ၄၀၀ ပေရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဆပ်ပြာကျင်းကျေးရွာအုပ်စု ဆပ်ပြာကျင်းကျေးရွာ တွင် အကျယ် (၄) လက်မ၊ အနက် ပေ ၆၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများကို နိုဝင်ဘာ လ ၁၈ ရက်နေ့မှ စတင်၍ ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ကျေးလက်ရေ ရရှိရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည် အသွေးပြည့်မီစေရေးအတွက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)