ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိ

ကျောက်ဖြူ  နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် သတ်မှတ်အကွာအဝေး နေရာများ ထားရှိပေးခြင်း၊ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း အစရှိသည့် ကာကွယ်ရေး လမ်းညွှန်ချက်များအား ဆောင်ရွက် ထားရှိပေးသည်။

ယင်းနောက် အငြိမ်းစားဝန်ထမ်းများအနေဖြင့်  ပင်စင်လစာငွေများ ထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက်  ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နံနက် ၇ နာရီမှစ၍ ပင်စင် လစာငွေများကို ထုတ်ပေးလျက်ရှိပြီး  သတ်မှတ် ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို ဒီဇင်ဘာလ၊ လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက်ထုတ် ပေးသွားမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၂၅၀၀ ကျော်ခန့်ရှိပြီး  နိုဝင်ဘာလ ၂၂ ရက်နေ့က ပင်စင်ငွေလာရောက်ထုတ်ယူသူ ၅၀၆ ဦးအား ငွေကျပ် ၅၃ သန်းအား ထုတ်ပေးထားပြီးဖြစ်ကာ ကျန်ရှိနေသေးသည့် အငြိမ်းစားဝန်ထမ်းများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေများအား ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)