သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

သာစည် နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ဆောင်ရွက်ပေးလျက်ရှိရာ   ယမန်နေ့ နံနက် ၉ နာရီက မုံပင်ဆုံကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့၌ အဖွဲ့နှစ်ဖွဲ့ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ လူစုလူဝေးမဖြစ်စေရန်နှင့် ပါးစပ်နှင့် နှာခေါင်းစည်း  စနစ်တကျတပ်ဆင်စေပြီး ကျန်းမာရေးဝန်ထမ်း များက သွေးအမျိုးအစား စစ်ဆေးပေးခြင်း တပါတည်းဆောင်ရွက်ကာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာ တွင် မုံပင်ဆုံကျေးရွာ၌ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ၃ (က)  ၃၆ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၆(က) ၁၁၁ ဦးတို့ကိုလည်းကောင်း၊ ဥသျှစ်ကုန်း ကျေးရွာတွင်  အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ၃(က) ၁၈ ဦးနှင့် အသက် ၁၈ နှစ် ပြည့်ပြီးသူ   ၆(က) ၄၁ ဦးကိုလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်များ  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။   

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန   မန္တလေးတိုင်းဒေသကြီးရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဦးဇော်ဝင်းမြင့်နှင့် မိတ္ထီလာခရိုင် ဦးစီးမှူး ဒေါ်အုန်းသန်းတို့  လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက်နေ့အထိ   ပန်းခင်းစီမံချက်ဖြင့် ၄၂၃၆ ဦး   ဆောင်ရွက်နိုင် ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန် ထံက သိရသည်။       

မြို့နယ်ပြန်/ဆက်