စဉ့်ကိုင် နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း အသက်(၅၅)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား ဒုတိယအသုတ်၊ ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ(၁၃)ရက်နေ့အထိ (၁၆၃၃၅)ဦး ထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသက်(၁၈)နှစ်အထက် ဒုတိယအသုတ် ပထမအကြိမ်နှင့် အသက်(၅၅)နှစ်အထက် ဒုတိယအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများ လိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand Speaker ဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း ပိုးသတ်ဆေးများဖျန်းပေးခြင်း၊ ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ် အထက် ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အောက်တိုဘာ(၁၃)ရက်နေ့အထိ (၅၄၃၀)ဦး ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)