ခရမ်းမြို့နယ် ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများအား ကျေးရွာများသို့ ကွင်းဆင်းဖွင့်လှစ်

ခရမ်း အောက်တိုဘာ ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကြက်ခြေနီ အသင်းမှကြီးမှူး၍ ကျေးလက်နေပြည်သူများအား သဘာဝဘေး အန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများတွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရေး အတွက် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများကို ခရမ်းမြို့နယ်ရေကျော်ကျေးရွာနှင့် ဘုရားပျို ကျေးရွာများတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စက်တင်ဘာ နောက်ဆုံးအပတ်အတွင်း ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ် ကြက်ခြေနီအသင်းမှ သိရှိ ရသည်။

အဆိုပါ သင်တန်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီ၏ ဖွဲ့စည်းပုံနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရေ မြှင့်တင်ရေးစီမံချက် (SSDRMC project)၏ ပံ့ပိုးကူညီမှုဖြင့် ခရမ်းမြို့နယ် ကြက်ခြေနီအ သင်းတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကျေးရွာများသို့ ကွင်းဆင်းကာ စာတွေ့၊ လက်တွေ့ သင်ကြားပြသ‌ပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကျေးရွာတစ်ရွာလျှင် သင်တန်းသား/သင်တန်းသူ (၃၁)ဦးစီ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၃ ရက်ကြာမြင့်ခဲ့ကြောင်း၊ သင်တန်းထူးချွန်သူများကို ဆုများပေးအပ်ချီးမြှင်ခဲ့‌ပြီး သင်တန်းတက်ရောက်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။

ကိုမင်း (ခရမ်း)