တောင်ကြီး စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ရောက်ရှိလာသည့် လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား(၁၆၂)ဦးအား ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးကွင်းမှ တစ်ဆင့် သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လာနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား အမျိုးသား(၁၁၆)ဦး၊ အမျိုးသမီး(၄၆)ဦး၊ စုစုပေါင်း(၁၆၂)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခွန်သက်နောင်၊ သစ်တောရပ်ကွက် စီမံအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က နေရပ်ပြန်အလုပ်သမားများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ သွားလာနေထိုင်ကြရန်၊ မိမိဒေသသို့ ရောက်ရှိပါက နေထိုင်ရမည့် စည်းကမ်းချက်များ၊ ရောက်ရှိသတင်းပို့ရန်အချက်များ စသည်တို့ကို ရှင်းလင်းပြောကြားပြီး နေရပ်ပြန်အလုပ်သမားများ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်၍ အစားအသောက်များဝေငှကာ သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျ အခမဲ့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
တောင်ကြီးသား