မိုင်းပျဉ်း ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူသည် တောင်ကြီးမြို့မှ ထွက်ခွာလာသော ရှမ်းရွှေမြေ မော်တော်ယာဉ်လိုင်း မောင်းနှင်လာသူဖြစ်ပြီး မိုင်းပျဉ်းမြို့သို့ ယနေ့ နံနက် ၁၀ နာရီက ရောက်ရှိစဉ် ယာဉ်မောင်းနှင့်ခရီးသည်တစ်ဦးတို့အား မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိ စစ်ဆေးရာ ယာဉ်မောင်းတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း မြို့နယ် Coronavirus Disease 2019 (Covid-19) ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းအား မိုင်းပျဉ်းမြို့ ပြည်သူဆေးရုံရှိ Isolation Ward တွင် ထားရှိပြီး ၎င်းနှင့်အတူလိုက်ပါလာသည့် ခရီးသည်တစ်ဦးအား မိုင်းပျဉ်းမြို့ Community Based Facility Quarantine ၌ သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် တောင်ကြီး-မိုင်းပျဉ်းကား လမ်းတစ်လျှောက် အဆိုပါယာဉ်မောင်းနှင့် ထိတွေ့ခဲ့သူများအား တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ်၊ ပြန်/ဆက်