မှော်ဘီ ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အ.မ.က (မူလွန်)ရှမ်းစုကျောင်းသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းခြင်းဆိုင်ရာ အကြောင်း များ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်ရာ အကြောင်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများ အကြောင်း၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာနှင့် အသိပညာပေးကာတွန်းများဖြင့် ဗဟုသုတရရှိစေရန် အသိပညာပေး အချက်အလက်များ ဖော်ပြပါရှိကြောင်း သိရသည်။
ကောင်းမြတ်သူ