ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ချရေး နှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး  

ကျောက်ဆည်  ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ပြည်လုံနိုင်ရပ်ကွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမ၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး (Kaeru Caravan) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းက (Kaeru Caravan) သည်  ဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ပါဝင်သူများအနေဖြင့် လေ့ကျင့်မှုအတွင်း ဘေးအန္တရာယ်ကာကွယ်ရေး အတွေ့အကြုံများနှင့်အသိပညာများ ရရှိစေမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးက ကလေးများ မီးသတ်ဆေးဘူးများသုံးတတ်ရန်၊ လက်တွေ့မီးငြိမ်းသတ်တတ်စေရန်၊ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်အား အကူအညီပေးနိုင်ရန်၊ မီးနှင့်ပတ်သတ်သော ဗဟုသုတများရရှိစေရန်၊ မီး၊လောင်စာနှင့်မီးငြိမ်းသတ်ရေးပစ္စည်းများအား သိရှိနားလည်စေရန်၊ မီးတောက်လောင်သည့် သဘောသဘာဝနှင့်မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်တတ်စေရန်၊ သဘာဝဘေးနှင့်ကြုံတွေ့လာပါက တုန့်ပြန်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး(Kaeru Caravan) အခမ်းအနားကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေး လုပ်ငန်းများလက်တွေ့သရုပ်ပြခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ 

ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး (Kaeru Caravan) လုပ်ငန်းများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ကျောင်းသူကလေးငယ်များအတွက် ငလျင်ဘေး၊ မီးဘေး၊ ရေဘေးစသည့် သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါ ကြုံတွေ့လာသည့်အခက်အခဲများကို မိမိတို့ပတ်ဝန်းကျင်ရှိအရာဝတ္ထုပစ္စည်းကိရိယာများ အသုံးပြု၍ဖြေရှင်းကျော်လွှားနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)