ဗိုလ်တထောင် ဇူလိုင် ၃၀
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ နံနက်ပိုင်းသီလခံယူပွဲ၊ ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲနှင့် အထူးတရားပွဲများကို ယနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ဘေးပတ်လည်ရှိ ဓမ္မရုံများတွင်လည်း ဥပုသ်သီလစောင့်သူများ၊ အလှူရှင်များဖြင့် စည်ကားလျှက်ရှိပြီး ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ နံနက်၉နာရီခွဲအချိန်က နံနက်ပိုင်း သီလခံယူပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်ဘဒ္ဒန္တ စိန္တာဝရအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဓာတ်မီးကျောင်းတိုက်ဆရာတော်ထံမှ ကိုးပါးသီလ ဆောက်တည်ခံယူကြပြီး အလှူရှင်အပေါင်းတို့က ဝါဆိုလျာသင်္ကန်းများ ဆရာတော်ကြီးအား ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ဘဒ္ဒန္တ စိန္တာဝရအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဓာတ်မီးကျောင်းမှ အနုမောဒနာတရားတော်များ ချီးမြှင့်ပေးကာ အလှူဒါနအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ တရားနာပရိတ်သတ်အပေါင်းအား ရွှေသံလွင်မိသားစုက တစ်နေ့တာအဟာရဒါနများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ယင်းနောက်နေလည်၁နာရီတွင် အရှေ့ဒဂုံ မြို့နယ်တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ(ရေစကြိုဆရာတော်)တိပိဋကဓရဓမ္မဘဏ္ဍာဝါရိက၊အဂ္ဂမဟာပဏ္ဍိတဆရာတော်က ဝါဆို လပြည့်နေ့အကြောင်း တရားဒေသနာတော်များ ဟောကြားမည်ဖြစ်ပြီး ညနေ ၃ နာရီအချိန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်မှ တရားတော်များ ဟောကြားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူထံမှ သိရှိရသည်။
ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ၈ ရက်ဥပုသ် လပြည့်၊ လကွယ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူ ဆောက်တည်နိုင်ရန် သီလခံယူပွဲများကို ဝါတွင်းကာလ ၁၃ ပတ်တွင် အပတ်စဉ် စီစဉ်ထားမည်ဖြစ်ကြောင်း ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌထံမှ သိရှိရသည်။
ယနေ့သည် မြန်မာလူမျိုးတို့အထွဋ်အမြတ်ထားရာ ဒုတိယဝါဆိုလပြည့်နေ့ဖြစ်သည့်အားလျော်စွာ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်းကားလျက်ရှိကြောင်းသိရသည်။
ခင်ဝင်း(ပြန်/ဆက် )