မူဆယ်မြို့တွင် စာအုပ်လှူဒါန်းပွဲနှင့် စာပေဟောပြောပွဲကျင်းပ

မူဆယ် ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် စာအုပ်လှူဒါန်းပွဲနှင့် စာပေဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စပါယ်ဆောင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ စာအုပ်လှူဒါန်းပွဲကိုကျင်းပရာ မူဆယ်မြို့ရှိ စာရေးဆရာများဖြစ်ကြသော ဦးအုန်းမောင် (ရွှေညာသားမြတ်မင်း)၊ ဦးထင်ကျော်(နိုင်မျိုးသစ္စာ-နမ္မတူ)၊ ဦးသန်းတင်(သန်းတင်-‌၁၀၅ မြေ)၊ ဦးမျိုးခိုင်(မျိုးခိုင်-မူဆယ်)နှင့် ကျောင်းအကျိုးတော်ဆောင်များဖြစ်ကြသော ဆရာဦးမြင့်သိန်းနှင့် ဦးစိုးမြင့်တို့က သုတရသစာအုပ်ပေါင်း (၂၀၅)အုပ်ကို အ.ထ.က(၂)တွင် ဖွင့်လှစ်ထားရှိသည့် ပညာတံခွန်စာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ စာပေဟောပြောပွဲကိုကျင်းပရာ စာရေးဆရာဦးမျိုးခိုင်(မျိုးခိုင်-မူဆယ်)က ကလေးငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိနိုင်စေရန် ရည်ရွယ်၍ “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” ‌ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့သည်။ ယင်းနောက် အ.ထ.က(၂)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် စာကြည့်တိုက်မှူး ဆရာမဒေါ်ခင်ဆွေဦးက စာကြည့်တိုက်အတွက် အလှူငွေကျပ် ၃ သိန်းအားလှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်