မိုင်းပျဉ်း ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက ထေရဝါဒဘုန်းတော်ကြီးကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ထေရဝါဒကျောင်းဆရာတော် အရှင်သီရိဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါသည်။ ဆက်လက်၍ မိုင်းပျဉ်းမြို့ ပေါ်ရှိ ဘုန်းကြီးကျောင်း (၆) ကျောင်းမှ ပင့်ကျောင်းသံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး၊ ဆရာတော် သံဃာတော်များအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ထေရဝါဒကျောင်းထိုင် ဆရာတော် အရှင်သီရိဓမ္မက ဝါဆိုမြတ်သင်္ကန်း ကပ်လှူရခြင်းအကျိုး တရားတော်များကို ချီးမြှင့်ဟောကြားပေး၍ ကုသိုလ်များကို ရေစက်ချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအပြီးတွင် အလှူရှင်လမ်းဦးစီးဌာန မိသားစုနှင့် ဌာနဆိုင်ရာများမှ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအားလုံး စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)