မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

မိုးနဲ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းကာ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က ဥယျာဉ်အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းငှားရမ်းလိုက်ခြင်း‌ ကြောင့်ကျောင်းသား/ကျောင်းသူများအနေဖြင့်  ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်လာခြင်း၊ အားလတ်သောအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ခြင်း၊ ဗဟုသုတအသစ်များတိုးပွားလာခြင်း၊ အသိပညာများကို ပြန်လည်ဖလှယ်နိုင်ခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပါ ပြည့်စုံစေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အနေဖြင့်လည်း စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်း၊ စာငှား၊ စာဖတ်သူဦးရေ တိုးပွားလာခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား/ကျောင်းသူများနှင့်ကိုက်ညီမည့် စာအုပ်/စာစောင်များအား ငှားရမ်းပေးခဲ့ကြကာ အပတ်စဉ် ကွင်းဆင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးသည့်အပြင် အွန်လိုင်းအသိပညာပေးလုပ်ငန်းများကိုပါ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို