မြစ်ကြီးနား ဇူလိုင် ၂၅
ကချင်ပြည်နယ်၏ အထိမ်းအမှတ် နေ့ထူးနေ့မြတ်ဖြစ်သည့် ကချင်ပြည်နယ်နေ့ အခမ်းအနား ကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့သည် (၇၉) နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖြစ်သဖြင့် အဆိုပါ ပြည်နယ်နေ့ အထိမ်း အမှတ် ပြက္ခဒိန်ထုတ်ဝေနိုင်ရေးအတွက် ကချင်အနုပညာရှင်များအသင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
အဆိုပါ ပြည်နယ်နေ့ အထိမ်းအမှတ် ပြက္ခဒိန်ထုတ်ဝေနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်စဉ် ကျရောက်သည့် မိမိတို့ပြည်နယ်၏ အထိမ်းအမှတ်နေ့တွင် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်ဝေခြင်း၊ ပြက္ခဒိန်ထုတ်ဝေခြင်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင်လည်း ပြက္ခဒိန်ထုတ်ဝေနိုင်ရေးအတွက် တမူထူးခြားပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ပေါ်လွင် အောင်၊ ဒေသတွင်း အထင်ကရနေရာများကို ပါဝင်အောင် ကချင်အနုပညာရှင်များအသင်းက ပူးပေါင်း ပါဝင်မှုဖြင့် ယခင်နှစ်များထက် ထူးခြားသစ်လွင်သော ပြက္ခဒိန်အဖြစ် ထုတ်ဝေဖြန့်ဖြူးနိုင်ရေး ကြိုး စားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက နှစ်အလိုက် ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းနှင့် ပြက္ခဒိန် ထုတ်ဝေခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကချင်အနုပညာရှင်များ အသင်းမှ တာဝန်ရှိသူများက ပြက္ခဒိန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် အကြံပြုချက်များကို သုံးသပ်တင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သုံးသပ်အကြံပြုရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များအား ခေတ်အမြင်ဖြင့် ဖော်ထုတ်ပြသ၍ ထုတ်ဝေနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် အဆိုပါ ခန်းမ၌ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း မော် ဖောင်းတိုးချဲ့မြေကွက်သစ် ဖော်ထုတ်ရာတွင် လုပ်ငန်းများ အမြန်ဆုံးပြီးစီး၍ အများပြည်သူပိုင် နေရာ များအပါအဝင် မြေကွက်များ စနစ်တကျသတ်မှတ် နေရာချထားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက် ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ မော်ဖောင်းကျေးရွာအုပ်စုအတွင်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ တိုးချဲ့မြို့ကွက်သစ်ကို ဖော်ဆောင်လျက်ရှိပြီး မူဝါဒချမှတ်ထားသည့်အတိုင်း မြေကွက်များအား စနစ်တကျ ဖြစ်စေရေး၊ လိုအပ်သည့် မြေယာပြုပြင်ခြင်း၊ လမ်းများစနစ်တကျ ဖောက်လုပ်သတ်မှတ် ခြင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီ သုံးရေ၊ ချိုးရေ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခြင်းများကို စနစ်တကျ တိုင်းတာသတ်မှတ်ခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်သဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ကာလတစ်ခုသတ်မှတ်၍ ဆောင်ရွက်ရန် လိုကြောင်းနှင့် လိုအပ်သည်များကို ဆွေးနွေးအကြံပြုကြစေ လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက မြေဧရိယာအတွင်း မြေယာဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဧရိယာသတ်မှတ်၍ မြေကွက်ဖော်ထုတ် ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တက်ရောက်လာကြသည့် မြေကွက်ဖော်ထုတ်ရေး ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းတာဝန်များအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ကွက်သစ်အား အမြန် ဆုံး မြို့ပြနေရာတစ်ခုဖြစ်ပေါ်လာစေရေး လုပ်ငန်းကဏ္ဍအလိုက် အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက် ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်