ချောင်းဆုံ ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ပညာရေး၌ ထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များ ပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)၊ ဟိတဓရဖောင်ဒေးရှင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ (၃၈) ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြု ကလေးအထူးတရားပွဲကို ယနေ့နံနက် (၉) နာရီက ချောင်းဆုံ (အ.ထ.က) ကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ တက်ရောက်လာသူများမှ နမောတဿ (၃) ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက် (ပ) သုံးလုံး သနာပြုဟိတဓရ ဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ထံမှ “မြင့်မြတ်တဲ့ဘဝ” ခေါင်းစဉ်ဖြင့် တရားဒေသနာတော်ခံယူနာကြားကာ၊ ဆရာတော်အား ဓမ္မပူဇာဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်မှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
အဆိုပါ (၃၈) ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲကို ဇူလိုင်လ (၂၂) ရက်နေ့မှ စတင်၍ ဩဂုတ်လ (၈) ရက်နေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအထက်တန်းနှင့် အလယ်တန်းကျောင်း စုစုပေါင်း (၂၃) ကျောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)