ချမ်းအေးသာစံမြို့နယ်၌ “ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဥ်ဖြင့်  ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၂၄

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများနှင့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာတွင် ဖြစ်ပေါ်နေသည့်ကိစ္စများကို ဆွေးနွေးမှုရှိလာစေရန်နှင့် ပြည်သူများ၏ စဥ်းစားတွေးခေါ်မှု မြင့်မားလာစေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ ပြည်သူ့စကားဝိုင်း (Public Talk) ကို ချမ်းအေးသာစံမြို့နယ်၊ အိမ်တော်ရာဘုရားဝင်း အတွင်းရှိ ၁၄ ခန်းဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက ပြည်သူ့စကားဝိုင်း(Public Talk) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေး၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာငြိမ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးစိုင်းထွန်းလှ၊ လျှပ်စစ်မန်နေဂျာရုံး  မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်အေးအေးမျိုးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးနေဝင်းထွန်းတို့က “ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဥ်ဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြာခဲ့ပြီး တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင် (ပြန်/ဆက်)