တောင်ကြီး ဇွန် ၂၀
လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတတိုးဖွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တောင်ကြီးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူမှုရေးရာဝန်ကြီးက ပညာရေးဒီဂရီကောလိပ်သို့ အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင်ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် စေ့စပ်ညှိနှိုင်းရေးမှူးတို့ကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက်လူငယ်စကားဝိုင်း စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်မည့်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်အိမ့်ဖူးမြတ်သွယ်နှင့် ပါဝင်ဆွေးနွေးကြမည့်သူများက တစ်ဦးချင်းမိတ်ဆက်ပြီး လူငယ်စကားဝိုင်းကိုစတင်ရာ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား မောင်သျှမ်းထက်မောင်မောင်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအင်ကြင်းသူက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဇေယျာထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းအင်ကြင်းအောင်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မငြိမ်းငြိမ်းလွင်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)