ကျောက်ဖြူမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာပေ လေ့လာဖတ်ရှုနိုင်ရန် Mobile Library ကွင်းဆင်းဆောင်ရွက်

ကျောက်ဖြူ ဇွန် ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများ လေ့လာဖတ်ရှုနိုင်ရန်အတွက် Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ငလပွေ့အခြေခံပညာ အလယ်တန်းကျောင်းသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ငလပွေ့အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချရမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အမှားနှင့်အမှန်ကို ခွဲခြားဆုံးဖြတ်နိုင်စွမ်းရှိပြီး အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာကာ စာဖတ်သည့် အလေ့အကျင့်ကောင်းများလည်း ရရှိလာမည်ဖြစ်ကြောင်း စသည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက စာပေဆိုင်ရာများကို မေးမြန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားပြီး အဖြေမှန်သူများကို ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများကို စာအုပ်၊ စာပေများအား အခမဲ့ငှားရမ်းပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့သည်။

ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း စသည့်စာအုပ်များဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကာ ကျောင်းသား၊ ကျောင်းသူများမှာလည်း စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့်ငှားရမ်းကြကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)