ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သာကေတမြို့ ဆုတောင်းပြည့် ဇိနမာရ်အောင် စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်တင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား တက်ရောက်

သာကေတ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့် ဇိနမာရ်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွတ်တင်မင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို မန်နေ့နံနက်ပိုင်းက ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ အရှေ့ဖက်ရင်ပြင်တော်ရှိ မင်္ဂလာမဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်း ကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.က ဓမ္မာစရိယ၊ ပထမကျော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ တွဲဘက် အကျိုးတော်ဆောင်ဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဒွိပိဋကဓရ၊  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိ၊ နေပြည်တော်ပျဉ်းမနား (ရေဆင်း) ကန်ဦးကျောင်း ပရိယတ္တိစာသင်တိုက်  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ၊ သာကေတမြို့နယ် သံဃနာယက ဥက္ကဋ္ဌ အောင်မော်စံစာသင်တိုက် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ သာသနတက္ကသီလဓမ္မာစရိယ B. A ၊သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တသောဘနနှင့် ပင့်လျှောက်ထားသည့် ဆရာတော် (၂၄)ပါး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်မာချို၊ သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဦးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် ကော်မတီဝင်များ၊ ဗိုလ်တထောင် ခရိုင် ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကိုကို၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် ကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းကမ်းထိမ်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆုတောင်းပြည့် ဇိနမာရ်အောင်စေ တီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ လူမှုထူးချွန်ပထမ အဆင့် ဦးကြည်ဝင်းနှင့် ဂေါပကအဖွဲ့ဝင် များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဥပါသကာများ၊ အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမများ၊ ဖိတ်ကြား ထားသည့်ဧည့်ပရိတ်သတ်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို“နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီးနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေများ ဆက်ကပ်ပူဇော်ပရိတ်တရားတော်များ နာယူခဲ့ကြကာ ပရိတ်ရေများကို စေတီတော်ရင်ပြင်တလျောက် ပက်ဖျန်းခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးဌေးအောင်မှ ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများ၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးမှ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းမှ ဆည်းလည်းတော်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ညောင်တုန်းစာသင်တိုက် ဦးစီး ပဓာနနာယက လှတနာ ဆရာတော် ဘဒ္ဒန္တ နာရဒါဘိဝံသမှ သြဝါဒစကားမိန့်ကြားပြီး နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ဆုတောင်းပြည့် ဇိနမာရ်အောင်စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ရာတွင် အမှားအယွင်းနှင့် မပြည့်စုံခြင်းများရှိပါက ခွင့်လွှတ်နိုင်ပါရန် တောင်းပန်လွှာဖတ်ကြားခဲ့ပြီး စေတီတော်မုခ်လေးမုခ်၌ သံဃာတော်များက ဗုဒ္ဓဘိသေက အနေကဇာတင် ဆုတောင်းပြည့် ဇိနမာရ်အောင်စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို အလှူရှင် ၇ ရက်သားသမီးများက ရတနာပန်းရထားဖြင့် ဆွဲကာ အထွတ်တင်လှူ ပူဇော်ခဲ့ကြသည်။

ဆုတောင်းပြည့် ဇိနမာရ်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွတ်တင်မင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားအပြီးတွင် သံဃာတော်ရှင်မြတ်များအား စေတီတော်မြတ်ကြီးဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များအား ထောပတ်ထမင်း၊ မုန့်ဟင်းခါး စတုဒိတာများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)