နေပြည်တော် မေ ၂၆
ကျောင်းနေအရွယ်ကလေးများအားလုံးအတွက် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများ၊ မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မနက်ပိုင်းမှစတင်၍ နိုင်ငံတစ်တဝှမ်းရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ပခုက္ကူမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ မြို့သစ်မြို့နယ်၊ အောင်လံမြို့နယ်၊ မင်းလှမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ် တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးမြို့နယ်၊ လဲချားမြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ ခိုလမ်မြို့နယ်၊ ကလောမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ သီပေါမြို့နယ်၊ မိုးနဲမြို့နယ်၊ မူဆယ်မြို့နယ်၊ ကျေးသီးမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုင်းယန်းမြိုနယ်၊ ရွာငံမြို့နယ်နှင့် ကွန်ဟိန်းမြို့နယ်တို့တွင်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်တို့တွင်လည်ကောင်း အသီးသီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းလာရောက်အပ်နှံသည့် KG တန်း ကျောင်းသား/ကျောင်းသူ များအတွက် ခဲတံလေးချောင်းနှင့် ကျောင်းဝတ်စုံတစ်စုံအားလည်းကောင်း၊ Grade-1 မှ Grade-5 အထိ ကျောင်းသား /ကျောင်းသူများအတွက် ခဲတံလေးချောင်း၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် ကျောင်းဝတ်စုံ တစ်စုံအားလည်းကောင်း၊ Grade-6 မှ Grade-12 အထိ ကျောင်းသား /ကျောင်းသူများအတွက် ခဲတံ နှစ်ချောင်း၊ ဘောပင်နှစ်ချောင်းနှင့် ဗလာစာအုပ်တစ်ဒါဇင်တို့ကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” ကျောင်းအပ်နှံရေးသီတင်းပတ်သည် ၂၀၂၆ ခုနှစ်၊ မေလ (၂၅)ရက်မှ (၃၁)ရက်နေ့ထိဖြစ်ကြောင်း သိရပြီး ကျောင်းအပ်နှံရာတွင် အိမ်ထောင်စုစာရင်း မူရင်း/မိတ္ထူ၊ မိဘနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကဒ် မူရင်း၊ မိတ္ထူ၊ (KG) ကျောင်းသားသစ်များအတွက် ကလေးမွေးစာရင်း မူရင်း၊ မိတ္ထူတစ်ပါတည်း ယူဆောင်လာရန် ကြေညာထားကြောင်း သိရသည်။
ပြန်/ဆက်