ရှမ်းပြည်နယ်အတွင်း အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)များ ဖွင့်လှစ်သင်ကြားပေး

တောင်ကြီး မေ ၂၆

ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) သင်တန်းများကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၇)မြို့နယ်တို့တွင် ယမန်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားပေးရာတွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်(၂၇)မြို့နယ်ရှိ စျေးများ၊ စျေးဝယ်စင်တာများ၊ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ စုပေါင်းပိုင် အဆောက်အအုံ၊ အလုပ်ဌာန၊ အဖွဲ့အစည်းနှင့် မီးဘေးစိုးရိမ်ရသည့် လုပ်ငန်းများတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် (၂၀၆၀)ဦး ဖွဲ့စည်းထားပြီးဖြစ်ရာ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆)တွင် မီးသတ်တပ်ဖွဲ့ဝင်(၆၉၈)ဦးတို့အား မီးလောင်မှုဖြစ်ပွားပါက ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ပြီး လက်ဦးမှုရယူကာ မီးငြှိမ်းသတ်နိုင်မည့်သူများဖြစ်အောင် စနစ်တကျ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း(၂၇)မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင် (၆၉၈)ဦးဖြင့် မေလ(၂၅)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ မီးသတ်စခန်း(၁၄)စခန်းနှင့် စက်ရုံ(၃)ရုံ တို့တွင် စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)