ရန်ကုန် မေ ၂၆
ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းအုပ်ကြီးအား သင်တန်းသားတပ်ခွဲများက အလေးပြုကြပြီး ဆက်လက်၍ နိုင်ငံတော်အလံကို အလေးပြုကြကာ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက သင်တန်းသားတပ်ခွဲများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၅၀၀)ဦးအား ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင် အုပ်ချုပ်မှုဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)