ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရန်ကုန် မေ ၂၆

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပညာရေးဝန်ကြီးဌာန၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားအား လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမတွင်ကျင်းပရာ ဒဂုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မီးမီးလေးရဲ့ မေမေ့ကျောင်း” သီချင်းကို သံစုံတီးဝိုင်းဖြင့် သီဆိုတီးခတ်ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အခမဲ့ပုံနှိပ်စာအုပ်များနှင့် Football For School Program အတွက် အခမဲ့ဘောလုံးများကို အသီးသီးပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အခမဲ့ဗလာစာအုပ်များကို ပေးအပ်သည်။

ယင်းနောက် ကမာရွတ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံရေး သီတင်းပတ်” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က အခမဲ့ကျောင်းဝတ်စုံများကို ပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက အခမဲ့ဘောလ်ပင်များကို ပေးအပ်သည်။

ယင်းနောက် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လုံချည်စိမ်းနှင့် အင်္ကျီဖြူ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများက အခမဲ့ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ကြပြီး အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အနာဂတ် လူရည်မွန်” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ၂၀၂၆ ခုနှစ်၊ မေလ(၂၅)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ တာဝန်ရှိသူများက ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)