လယ်ဝေး မတ် ၁၆
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်နှင့် ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍နွေရာသီ(အခမဲ့) သင်တန်းများဖြစ်သည့် အခြေခံဂျူဒိုသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းများသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးမြတ်သူရဇော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဦးထွန်းထွန်းနိုင်က သင်ကြားခဲ့သည့် နည်းစနစ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ခံဦးရဲရင့်က လူငယ်သင်တန်းများအတွက် လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နွေရာသီ(အခမဲ့)သင်တန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် (၁၀)သိန်း လှူဒါန်းသည့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မြို့နယ်အတွင်းဖွင့်လှစ်မည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများအတွက် အလှူငွေကျပ်တစ်သိန်းလှူဒါန်းသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်တို့အား မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီ(အခမဲ့) သင်တန်းများဖြစ်သည့် အခြေခံဂျူဒိုသင်တန်း၊ အခြေခံပန်းချီသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများအား မတ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ သင်ကြားပေးခဲ့ပြီး အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းနှင့် အေရိုးဗစ်သင်တန်းအား မတ်လ ၁၆ ရက်မှ ၃၁ ရက်အထိလည်းကောင်း ဆက်လက်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)