မော်လမြိုင်မြို့နယ်၌ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂၅

မော်လမြိုင်မြို့နယ်၌ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းက ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းအကြောင်း၊ လူသားတို့၏ နေထိုင်မှုပုံစံကြောင့် ရာသီဥတုယိုယွင်းပျက် စီးလာမှုအခြေအနေများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရန်များ၊ မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှု အခြေအနေများ၊ ရာသီဥတု ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် ရှောင်ရန်ဆောင်ကောင်းမွန်စေရန် အတွက် သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးရခြင်းအကြောင်းစသည်တို့အား အသိပညာပေးပြောကြားပါသည်။

ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်ဇော်လတ်က မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအကြောင်း၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများ၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးပြောကြားပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား/ ကျောင်းသူများမှ နံရံကပ်အသိပညာပေးပိုစတာများအား လှည့်လည်ကြည့်ရှု ခဲ့သည်။

အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၃၁)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၁၄) ဦး၊ စုစုပေါင်း (၁၅၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)