ပေါင် စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲစာရင်းပြုစုခြင်းနှင့်ကပ်ထားကြေငြာခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့်အဖွဲ့ဝင်များ ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးက ပေါင်မြို့နယ်အနေဖြင့် ရွေးကောက်ပွဲသည် ဒုတိယအကြိမ် ဇန်နဝါရီလဆန်းမှာဖြစ်သည့်အတွက် အခြားမြို့နယ်များ၏ အားနည်းချက်အားသာချက်များကိုကြည့်ပြီး အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ ပေါင်မြို့နယ်သည် ကျေးရွာပေါင်း (၅၈) ရွာအနက် (၅၄) ရွာကိုအဖွဲ့ဝင် (၁၈၀) ဦးဖြင့် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ပြင်မဲစာရင်းစစ်ဆေးသူ (၁၅၃၀) ဦးခန့်ထားပြီး သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါကြောင်း ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်သွားရန် ကြိုတင်ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်က မဲစာရင်းပြုစုဆောင်ရွက်နေသည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ မဲစာရင်းနှင့်ပတ်သက်သည့် ကြော်ငြာများကပ်ထားရမှာဖြစ်ပြီး ရပ်ကွက်/ကျေးရွာရှိ တာဝန်ကျသူများ တာဝန်ချပေးဖို့လိုအပ်ပါကြောင်း၊ မဲစက်ရေစုစုပေါင်း (၇၃၇) လုံးကို မြို့နယ်ကော်မရှင်မှ ရွေးကောက်ပွဲမလုပ်မီ (၂) ရက် အလိုမှာ ဖြန့်ဝေသွားမှာဖြစ်ပါကြောင်း၊ နည်းပညာကျွမ်းကျင်စွာအသုံးပြုလုပ်နိုင်ရေးအတွက် သင်တန်းသား၊သင်တန်းသူ (၃၀၅) ဦးကို ပြည်နယ်မှာသင်တန်းတက်ရောက်စေပြီး မြို့နယ်အဆင့် သင်တန်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ပြောကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကော်မရှင်အဖွဲ့ခွဲများက သိလိုသည်များမေးမြန်းခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်တို့က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)