ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီဖလား ရပ်ကွက်/ ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်လုံ စက်တင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီဖလား ရပ်ကွက်/ ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီက ပင်လုံအားကစားကွင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူအခမ်းအနားကို စတင်ဖွင့်လှစ်၍ ပြိုင်ပွဲဝင်အသင်းများက ဘင်ခရာတပ်ဖွဲ့နဲ့အတူ အကြီးအကဲအားအလေးပြုခဲ့ကြ​​​ပြီး မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်ပိုင်ဖြိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားအဓိဌာန်ရွတ်ဆိုခြင်း ဌာနဆိုင်ရာအကြီးအကဲများမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခြင်း၊ အ.ထ.က(၂) ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ထို့နောက် အ.ထ.က ၂ ကျောင်းသမီးငယ်လေးများမှ အကအလှဖြင့် ဖျော်ဖြေခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၃ ရက်နေ့မှ စတင်​ကျင်းပမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်းအသင်း (၁၁)သင်း ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ချယ်ရီမြေအသင်းနှင့် Best Friend အသင်းတို့ ပွဲဦးထွက်ယှဥ်ပြိုင်ကစားခဲ့ရာ Best Friend အသင်းက ချယ်ရီမြေအသင်းကို (၃)ဂိုး၊(၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယခုလို ဘောလုံးပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် ပြိုင်ပွဲဝင်ကစားသမားများနှင့် ပင်လုံလူငယ်မောင်မယ်များ အချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ မြို့နယ်ကိုယ်စားပြုထူးချွန်ထက်မြက်သည့် လက်ရွေးစင်ကစားသမားပေါ်ထွက်လာစေရန်၊ ဘောလုံးအားကစားနည်းတိုးတက်ဖွံဖြိုးမှုရရှိစေရန်၊ လူငယ်များ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ မူးယစ်အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)