နေပြည်တော် ဩဂုတ် ၂၇
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတွေ့အကြုံများ၊ သင်ယူမှုများနှင့် ကိုယ်ပိုင်အမြင်များကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များ၏ အတွေ့အကြုံများ၊ သင်ယူမှုများနှင့် ကိုယ်ပိုင်အမြင်များကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်စေရန်၊ စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးခြင်းဖြင့် လူငယ်များအတွက် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု၊ စကားပြောဆိုမှုစွမ်းရည်၊ တစ်ဦးချင်းစီ၏ အသိပညာနယ်ပယ်များကို ချဲ့ထွင်ပေးစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး “ဉာဏဗလပြည့်စုံဖို့ စာဖတ်ကြစို့"ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-8 ကျောင်းသူများဖြစ်သည့် မသိင်္ဂီအောင်နှင့် မခင်မြတ်နိုးဦးတို့က "လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်"၊ "လူငယ်နှင့် ကျန်းမာရေး"ခေါင်းစဉ်များဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်အောင်မင်းစိုးနှင့် မချယ်ရီညိုတို့က "လူငယ်နှင့် ယဉ်ကျေးမှု"၊ "လူငယ်နှင့် မူးယစ်ဆေးဝါး"ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များနှင့်ပတ်သတ်၍ သိရှိလိုသည်များကိုမေးမြန်းကြရာ လူငယ်စကားဝိုင်းတွင်ပါဝင်သော ကျောင်းသား၊ ကျောင်းသူများကပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)