နေပြည်တော် ဩဂုတ် ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့ သွားရောက်ပြီး ပင်လောင်းလမ်းဆုံနှင့် အိုင်စောက်ကျေးရွာကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးရေမြောင်းများ၊ ချောင်းရိုးများ၊ ရေတံခါးများ၊ Box Culvert များတွင်အမှိုက်များ၊ ဒိုက်များပိတ်ဆို့မှုမရှိစေရေး အမြဲရှင်းလင်းဆောင်ရွက်ထားရန်မှာကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီးကျေးရွာသို့ သွားရောက်ပြီး ကျွန်းရောင်း-အိုင်စောက်-ပေါင်းလောင်း ရေထုတ်မြောင်းမှ ရေစီးဆင်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများကို အခြေခံပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မြေငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့သော MSME လုပ်ငန်းများအား ပြန်လည်ထူထောင်နိုင်ရေးနှင့် ပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများကို ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိရေး၊ ကုန်ချောဈေးကွက်ရရှိရေး၊ ပြည်တွင်းပြည်ပပို့ကုန်များ စနစ်တကျထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ နည်းပညာ၊ အတတ်ပညာနှင့် ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် သွင်းကုန်အစားထိုးစက်မှုလုပ်ငန်းများ အလားအလာရှိသော စက်မှုလုပ်ငန်းများနှင့် ပြည်ပတင်ပို့နိုင်သည့် စက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား အရည်အသွေးကောင်းမွန်စေရန်နှင့် ထုတ်ပိုးမှုအဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်မည့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏ GDP တိုးတက်လာပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်မှုလုပ်ငန်းများ ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ ဆင်တဲကြီးကျေးရွာသို့ သွားရောက်ပြီး သာသနာ့ဝိသောဓနီကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် တစ်နှစ်သုံးသီး၊ သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသည့် ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများတွင် ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဓာတ်မြေဩဇာများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့၊ EM နှင့် အောင်နိုင်တိုးမျိုးစပါးများကိုလည်းကောင်း တောင်သူများထံပေးအပ်ကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)