ဖားကန့်၌ လုပ်ကွက်ဟောင်းတစ်ခုအတွင်း ရေမဆေးကျောက် ရှာဖွေနေသူများပေါ်သို့ မြေပြိုကျပြီး သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဖားကန့်  ဒီဇင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ စပေါ့ကျေးရွာအနီး မြန်မာသူရကျောက်မျက် တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း ယနေ့နံနက် ၃ နာရီခန့်က ရေမဆေးကျောက် ရှာဖွေနေသူများပေါ်သို့ အမြှင့်ပေ(၁၅၀)၊ အကျယ်ပေ(၂၀)ခန့်ရှိ မြေပြိုကျခဲ့မှုကြောင့် သုံးဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ဆိပ်မူနယ်မြေရဲစခန်းမှ သိရသည်။

မြေစာပြိုကျမှုကြောင့် ညအချိန်ရေမဆေးကျောက် ရှာဖွေကြသည့် စပေါ့ကျေးရွာမှ လဖိုင်လဒွဲ(၄၃)နှစ်နှင့် နောနော်(၂၂)နှစ်၊ ဘွမ်နန်ကျေးရွာမှ ဘရန်ဒေါင်(၁၇)နှစ်တို့ နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အပေါ် ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတူးမိုင်က "မြေပြိုမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူ နှစ်ဦးကိုတော့ ချက်ချင်းပဲ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့လိုက်ပါတယ်၊ တစ်ဦးကတော့ ယာဘက်ခြေ ထောက်ကျိုးသွားတယ်၊ နောက်တစ်ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာပါပဲ၊ သေဆုံးတဲ့သုံးဦးကိုတော့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ စစ်ဆေးပြီး ဒီနေ့နံနက် ၉ နာရီခွဲလောက်မှ သင်္ခါလူမှုကူညီရေး ကားနဲ့ ဆေးရုံပို့ လိုက်ပါတယ်" ဟု  ပြောသည်။

ဖားကန့်ဒေသသည် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရာ မိုင်းတွင်းဒေသဖြစ်သည့်အလျောက် အန္တရာယ်ရှိ နေရာများဖြင့် ပြည့်နေပြီး ရေမဆေးကျောက် ရှာဖွေသူများ၊ တူးဖော်ကြသူများမှာ အသက်အန္တရာယ်ဖြင့် နီးနီးကပ်ကပ် ရင်ဆိုင်ရသည့် အနေအထားကို နေ့စဉ်ကြုံတွေ့ရလျက်ရှိသည်။

တာလင်းမောင်(ပြန်/ဆက်)