အလုံ ဇွန် ၇
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အလုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအကြောင်း အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်အုန်းကအခွန်ထမ်းပြည်သူများအားသိသင့် သိထိုက်သော လုပ်ငန်းမှတ်ပုံတင်ခြင်း၊ နှစ်ချုပ်ကြေညာလွှာများတင်သွင်ခြင်း၊ ကြိုတင်ခွန်များ ပေးဆောင်ရမည့်အချိန်ကာလများ၊ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည့်အချိန်ကာလများ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသည့် လုပ်ငန်းများအားလုံး အခွန် အမှတ်တံဆိပ် အပြည့်အ၀ကပ်နှိပ်ရောင်းချကြရန်နှင့် ပျက်ကွက်ပါက ကျသင့်မည့်ဒဏ် ငွေများအပြင် အခြားသိသင့်သိထိုက်သည်များရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းက လိုင်စင်သက်တမ်း တိုးရန်ကျန်ရှိ နေသည့် လုပ်ငန်းရှင်များ အခွန်ထောက်ခံချက်ရယူရန် ကိစ္စရပ်များအား အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်ကျော်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်း၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့် အခွန်ထမ်းပြည်သူ ၅၀ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)