ရန်ကုန် မေ ၁၄
ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Shwe Project မှ ဆန်အိတ်နှင့် အိမ်မိုးသွတ်ပြားများ လှူဒါန်းခြင်းကိုယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Myanmar POSCO C&C စက်ရုံတွင် ပြုလုပ်ခဲ့သည်။
လှူဒါန်းပွဲတွင် Shwe Project မှ Managing Director Mr. Seungdon Baek က လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီး (25 kg) ဆန်အိတ် (10,000) အိတ်နှင့် အိမ်မိုးသွတ်ပြား (20,000) ချပ်ကို ပေးအပ်လှူဒါန်းရာ အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်က လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
အဆိုပါလှူဒါန်းပွဲသို့ အသင်းအလုပ်အမှုဆောင်နှင့်အတူ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်အိအိထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး Shwe Project မှ Managing Director နှင့်အတူ Golden Lace POSCO International Co., Ltd မှ Managing Director Mr. Park Kyoung Ho၊ Myanmar POSCO C&C မှ Managing Director Mr. Weon Byong Cheol နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ငလျင်ဘေးခံစားရသည့် ရပ်ရွာလူထုထံ လက်ရောက်ပေးအပ်နိုင်ရန် အသင်းအနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)