ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဦးဆောင်၍ သုံးခွမြို့နယ် ညောင်လန်းကုန်းကျေးရွာသို့ ကွင်းဆင်းကုသပေး

သုံးခွ မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဦးဆောင်သည့် နယ်လှည့်ဆေးကုသအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ညောင်လန်းကုန်းကျေးရွာအုပ်စု ပတ္တမြားစေတီကျောင်းဝင်းအတွင်းရှိ ဓမ္မရုံ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျေးရွာနေပြည်သူများအား လာရောက်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါနယ်လှည့်ဆေးကုသမှုဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာ ရဲမြင့်ထွန်းဦးဆောင်သည့် အထွေထွေရောဂါကုဆရာဝန်များက ကျေးရွာနေပြည်သူအား တီဘီရောဂါစစ်ဆေးခြင်းနှင့်အတူ အထွေထွေရောဂါများအား စစ်ဆေးကုသခြင်းများကို ကျား (၅၉) ဦး၊ မ(၁၄၁)ဦး၊ စုစုပေါင်းရောဂါ ဝေဒနာရှင်(၂၀၀)ဦးတို့အား ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ သုံးခွမြို့နယ်အတွင်း ကျေးရွာများသို့လည်း နေ့စဥ် စဥ်ဆက်မပျက် ဆေးကူသမှုများ (အခမဲ့) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)