သန်လျင်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေး

သန်လျင် မတ် ၇

အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီတို့ပူးပေါင်းဖွင့်လှစ်သော ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို သန်လျင်မြို့ သီဟဒီပအားကစားရုံနှင့် အားကစားခန်းမများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုနှစ်နွေရာသီအားကစားသင်တန်းတွင် ရေကူး၊ ကရာတေး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ကြက်တောင်၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ တိုက်ကွမ်ဒို၊ Physical Fitness Dance စသည့် အားကစားနည်း(၁၁)မျိုးကို မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုကဲသို့ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများနှင့်လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချစေပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်/ပြန်ဆက်)