တာချီလိတ် ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတဂေဟာ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ဝမ်ကောင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတဂေဟာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရန်ပုံငွေများ ပုံမှန်ရရှိလည်ပတ်စေနိုင်ရန် ဆိုင်ခန်းငှားများ ဆောက်လုပ်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဘိုးဘွားရိပ်သာမှ ဘဏ္ဍာရေးမှူး ဒေါ်နန်းခင်စိန်က လက်ရှိဘိုးဘွားရိပ်သာအနေဖြင့် အဘိုး၊ အဘွားသက်ကြီးရွယ်အို စုစုပေါင်း (၂၃)ဦးအား ကြည့်ရှုစောင့်ရှောက်ထားပြီး လက်ရှိရန်ပုံငွေရရှိမှုနှင့် အသုံးစရိတ်အခြေအနေများအားလည်းကောင်း၊ လူငယ်ပရဟိတဂေဟာမှ ဘဏ္ဍာရေးမှူး ဦးကျော်ညွှန့်က ပရဟိတဂေဟာအတွင်း တိုင်းရင်းသားလူငယ် စုစုပေါင်း ၅၀ ဦးခန့်အား ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ရန်ပုံငွေရရှိသုံးစွဲမှုတို့အား အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့အပြင် အစည်းအဝေးတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နေမှု၊ အရံစေတီတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး၊ အလှူငွေရရှိမှုနှင့် တတိယအကြိမ် အလှူတော်ငွေပေးအပ်ပွဲကျင်းပနိုင်ရေး၊ ရွှေတိဂုံစေတီတော်ပရဝုဏ်အတွင်း ရောင်းချနေသည့် ပျံကျဈေးဆိုင်းများအား စနစ်တကျဖြစ်စေရေးနှင့် အမြင်တင့်တယ်ရေးအတွက် နေရာသတ်မှတ်၍ ဈေးဆိုင်များ ဆောက်လုပ်/ဆောင်ရွက်ပေးရန်အတွက် မြေနေရာအနေအထားအရ ဈေးဆိုင်ခန်းများ လျာထားဆောင်ရွက်မှုအခြေအနေတို့နှင့်ပတ်သက်၍ လိုအပ်ချက်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)