မူဆယ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဒေသတွင်း မီးရှို့ဖျက်ဆီးပွဲပြုလုပ်

မူဆယ် ဇွန် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဒေသတွင်းမီးရှို့ ဖျက်ဆီးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က စွမ်စော်ရပ်ကွက်၊ ဘာသာပေါင်းစုံသင်္ချိုင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မူဆယ်ခရိုင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၃၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ထံမှ ပေးပို့သည့် သဝဏ်လွှာအား မူဆယ်ခရိုင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့်မှ ဖတ်ကြားခဲ့သည်။

ယင်းနောက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြွဆေးပြား (၁၈၂၁၉၇)၊ အလေးချိန် (၁၆.၃၉၇၇၃) ကီလို၊ ဘိန်းဖြူ (၁၄.၀၉၇၅၈) ကီလို၊ Happy Water (၃.၆၄၇၂) ကီလို၊ ကတ်တမင်  (၀.၉၈၃၅) ကီလို၊ ဘိန်းဆီခဲ (၈၀.၇၄၂၂၆) ကီလို၊ ဘိန်းစိမ်း (၀.၂) ကီလို၊ အိုက်စ် (၀.၀၉၄၉) ကီလို၊  ခပ်ခူး (၀.၁၀၉) ကီလို၊ Cellulose Powder (၂၃.၉၉၈) ကီလို၊ ETHOXY-4 HYD ROXYBENZALDEH (၂၇.၄၉၂၈) ကီလို၊ Polypropy Lene (၅.၁၃၂၅) ကီလို ကာလတန်ဖိုး သိန်းပေါင်း (၅၆၈၀) ခန့်ရှိ မူးယစ်ဆေးဝါးများနှင့် စိတ်ပြောင်းဆေးဝါးများကို ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)