ရာသီဥတုအညွှန်းကိန်း အခြေပြုသီးနှံအာမခံလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

သုံးခွ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ရာသီဥတုအညွှန်းကိန်း အခြေပြုသီးနှံအာမခံလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့်တောင်သူများသို့ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အမှာစကားပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဒေါ်စပါယ်ခင်က ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံ၊ ရေကြီးနစ်မြုပ်၍ သီးနှံပျက်စီးမှု၊ အာမခံထားရန်လိုအပ်ချက်များ၊ အာမခံထားရှိနိုင်သည့် ပမာဏ၊ ပရီမီယံနှုန်း၊ ရာသီဥတုအညွှန်းကိန်းအာမခံပုံစံ၊ အာမခံထားရှိနိုင်သူများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိသည်။

ဆက်လက်၍ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလက်ကမ်းစာစောင်များကို တက်ရောက်လာကြသည့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ စာ‌ရေးများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)