နေပြည်တော် မေ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အခြေခံစားသောက်ကုန်များ၏ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအပြင် ဈေးကွက်အတွင်းလိုအပ်သည့်ထုတ်ကုန်များအတွက် ပြည်ပမှတင်သွင်းမှုများအစား ဒေသတွင်းစက်မှုထုတ်ကုန်များ MSME ထုတ်ကုန်များဖြင့် အစားထိုးနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အခြေခံစားကုန်ပစ္စည်းများကို ဈေးနှုန်းတည်ငြိမ်စေရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ်ထိထိရောက်ရောက်အကျိုးရှိသည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ရေးအတွက် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပူးပေါင်းပါဝင်ညှိနှိုင်းပေါင်းစပ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)