ကျောက်ဆည် ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်၊ စပါး အဓိကထားစိုက်ပျိုးကြပြီး ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ နနွင်း၊ နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း၊ ငရုပ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ကျားကာကျေးရွာ ဦးသင်းကိုမိသားစုမှ လယ်ကန်သင်းဘောင်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ကီလိုမာလကာပင်များ ခူးဆွတ်ရောင်းချနေရသဖြင့် မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေး ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရှိသည်။
ကီလိုမာလကာပင်များစိုက်ပျိုးရာတွင် တောင်သူတစ်ချို့သည် လယ်ကန်သင်း မြေနေရာလပ်များတွင် မိသားစုအပိုဝင်ငွေရရှိရေးစိုက်ပျိုးထားကြပြီး ယာမြေများတွင် စနစ်တကျစီးပွားဖြစ်စိုက်ပျိုးခြင်းများလည်းရှိကြောင်း ကီလိုမာလကာပင်သည် စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ဈေးကွက်အပေါ်မူတည်၍ အလုံးအသီးအကြီးအသေးအပေါ်မူတည်ပြီး အမျိုးမျိုးရောင်းချရကြောင်း လယ်ကန်သင်းမြေလွတ်ရောများတွင် ကီလိုမာလကာပင်များ စိုက်ပျိုးထားသည့် ဦးသင်ကိုက ပြောကြားခဲ့သည်။
စီးပွားဖြစ် မာလကာပင်များစိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် (၁၂)ပေခြားပြီး၊ တစ်တန်းနှင့်တစ်တန်း (၁၅)ပေခန့်ခြားကာ စိုက်ပျိုးရကြောင်း သို့မှသာ မာလကာပင်များ နေရောင်ခြည်နှင့် လေဝင်လေထွက်ကောင်းရရှိကာ အပင်များသန်မာ၍ အသီးလုံးများလည်း ကြီးထွားစေကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်သားအတွင်း ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရကြောင်း၊ လိုအပ်သည့်အချိန်တွင် ရေသွင်းခြင်းနှင့် ပိုးမွှားကာကွယ်ဆေးများဖျန်းပေးရကြောင်း၊ သီးလုံးဖောက်ပိုးမကျရောက်စေရန်နှင့် အသီးအရောင်တောက်ပစေရန်အတွက် မာလကာသီးများကို စက္ကူဖြင့်ပတ်၍ ပလပ်စတစ်အိပ်များ စွပ်ထားပေးရကြောင်း၊ အိပ်များစွပ်ပြီးနှစ်လအကြာတွင် မာလကာသီးများခူးဆွတ်ရကြောင်း၊ ကီလိုမာလကာသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး ဝင်ငွေလွယ်ကူစွာရရှိသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်