ဥတ္တရသီရိ ဧပြီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဒေသခံတောင်များအား မိုးဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် Mobile Phone အသုံးပြု၍ နည်းပညာရယူသုံးစွဲနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အိဇင်ဝင်းနှင့် တာဝန်ရှိသူများက တောင်သူများအား မိုးဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာစိုက်ဧကပြည့်မီစေရေး၊ ပန်းတိုင်အထွက်ရရှိစေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းပညာလိုက်နာနိုင်စေရေး မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများ၊ နည်းပညာများလိုက်နာဆောင်ရွက်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းများရရှိပြီး အထွက်နှုန်းကောင်းသော မျိုးစေ့များကိုဆက်လက်ဖြန့်ဖြူးနိုင်ရေး၊ စတင်စိုက်ပျိုးသည်မှရိတ်သိမ်းသည်အထိ လိုက်ပါဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် Mobile Phone ဖြင့် အသုံးပြုခြင်း၊ ဈေးကွက် DOA Website သတင်းအချက်အလက်များနှင့် စိုက်ပျိုးနည်း ပညာများရယူခြင်းနည်းလမ်းများ၊ အခြား ICT ဆိုင်ရာ အထွေထွေဗဟုသုတများကို အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)