လယ်ဝေး ဧပြီ ၂၇
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝစဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဥ်းမြောင်းလာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းများကိုလည်းကောင်း၊ ပြည်ပမှစားသုံးဆီ တင်သွင်းမှုလျော့ချနိုင်စေရန်၊ ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊ ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေ လုံလောက်စွာရရှိစေရန်နှင့် တောင်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါစီမံကိန်းလုပ်ငန်းများအား သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်သူရက စီမံကိန်းသုံးသပ်ဆွေးနွေးပွဲတွင် ဆွေးနွေးသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာများမှ စီမံကိန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်များက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လုပ်ငန်းပြီးစီးမှုများကို လွှဲပြောင်းပေးအပ်သည်။
လယ်ဝေးမြို့နယ်အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ၄၅ ရွာ၊ မြစိမ်းရောင် ဆီထွက်သီးနှံစီမံကိန်း ၁၉ ရွာ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ၁၉ ရွာ၊ ခေတ်မီစံပြကျေးရွာတစ်ရွာ၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖွင့်လှစ်သည့် တစ်ရွာ၊ ဆိုလာရေတင်လုပ်ငန်း ၃ ရွာ၊ ကျေးလက်စီးပွားရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအဖွဲ့ ၉ ဖွဲ့တို့ဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)