လယ်ဝေးမြို့နယ်အတွင်း နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

လယ်ဝေး ဧပြီ ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာနှင့် မြွေရိုးလေးကျေးရွာ KC ခန်းမတို့တွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက တောင်သူများအနေဖြင့် နွေသီးနှံ၊ နွေစပါးနှင့် နွေနှမ်းများစိုက်ပျိုးရန်အတွက် ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတိုမျိုးများကို တစ်ပြေးညီစိုက်ပျိုးရန်၊ မျိုးကောင်းမျိုးသန့်များ စနစ်တကျစိုက်ပျိုးရန်၊ ရာသီအလိုက်သီးနှံမျိုးစုံကို မြေလွတ်မြေလပ်မကျနတစ်နှစ်လျင် (၃)သီးစိုက်ပျိုးခြင်းဖြင့် ကျေးလက်နေပြည်သူများ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်အတွက် စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့်စက်မှု လယ်ယာဦးစီးဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်ရန်စသည်ဖြင့် ပြောကြားသည်။

ထို့နောက် လယ်ဝေးခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် ဆည်မြောင်း၊ စိုက်ပျိုးရေးနှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက နွေစပါး၊ နွေသီးနှံနှင့် နွေနှမ်းစိုက်ပျိုးရာတွင် ဆည်ရေပေးဝေမှုအခြေအနေအလိုက်စိုက်ပျိုးရန်လျာထားဧက၊ စိုက်ပျိုးပြီးဧကနှင့် စိုက်ပျိုးရန်ကျန်ဧကများအတွက် ဆက်လက်စိုက်ပျိုးမည့် အစီအမံများကို  ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက နွေစပါး၊ နွေသီးနှံနှင့် နွေနှမ်းစိုက်ပျိုးရန်အတွက် လိုအပ်ချက်များအားတင်ပြရာ  နေပြည်တော်ကောင်စီဝင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း လယ်ဝေးမြို့နယ်တွင် နွေနှမ်း ၄၈၇၃ ဧက၊ အခြားနွေသီးနှံ ၂၀၄၁ ဧကနှင့် နွေစပါး ၁၃၆၂၉ ဧက လျာထားခဲ့ရာ ယနေ့အထိ နွေစပါး ၁၄၂၉၂ ဧက၊ နွေနှမ်း ၃၀၇၁ ဧကနှင့် နွေသီးနှံ ၄၂၀ ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)