တာမွေ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးရှင်းလင်းပွဲကို ရန်ကုန်မြို့တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ပြည်သူ့စစ်မှုထမ်းခြင်းနှင့် ပတ်သက်သည့် အမျိုးသားရေး တာဝန်များ၊ ပြည်သူများအနေဖြင့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ရန်မလိုအပ်သည့်အကြောင်း၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလအပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကိုမေမြန်းခဲ့ကြရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး ရှင်းလင်းပွဲသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ တာဝန်ရှိသူများ၊ မူးယစ်ဆေးဖြတ် သင်တန်းသားများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)