မိတ္ထီလာ မတ် ၁၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က သင်တန်းဆင်းအမှာစကားနှင့် နွေရာသီကျောင်း ပိတ်ရက်ကာလသင်တန်းများဖွင့်လှစ်မှုအကြောင်းပြောကြားသည်။ ထို့နောက် အခြေခံပန်းချီသင်တန်း ဆရာမဒေါ်မို့မို့မြင့်စိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာမနှစ်ဦးအား အမှတ်တရဂုဏ်ပြုလက်ဆောင်များကို လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က ပေးအပ်သည်။ အခြေခံပန်းချီသင်တန်းတွင် ထူးချွန်ဆုရှိခဲ့ကြသည့် အခြေခံပညာအထက်တန်းအဆင့်နှင့် အခြေခံမူလတန်းအဆင့် သင်တန်းသားသင်တန်းသူများကို သင်တန်းနည်းပြဆရာမနှစ်ဦးက ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းနှစ်ခုမှသင်တန်းသား သင်တန်းသူများကိုယ်စား အခြေခံ အင်္ဂလိပ်စာသင်တန်းမှ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းများအား ရက်သတ္တပတ်နှစ်ပတ်တာဖွင့်လှစ်ခဲ့ပြီး အခြေခံအင်္ဂလိပ်စာ သင်တန်းတွင် သင်တန်းသားသင်တန်းသူ (၅၂) ဦးနှင့် အခြေခံပန်းချီသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၅၇)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ချမ်းသာ