နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စာရေရိက္ခာဖူလုံပိုလျှံရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိရေး နှင့် ထုတ်ကုန်မှုကဏ္ဍ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးမြေများကို မြေလွတ်မြေလပ်များမကျန် ဖော်ထုတ်စိုက်ပျိုးနိုင်မှသာလျှင် သီးထပ်စွမ်းအားများ တိုးတက်လာမှာဖြစ်ကြောင်း၊ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ ခေတ်မီနည်းစနစ်များ အသိပညာပေးဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးတို့ကို ဆောင်ရွက်ရမည့်အပြင် အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သီးနှံများအရည်အသွေးပြည့်ဝပြီး နိုင်ငံတကာဈေးကွက်ဝင်သည့် ထုတ်ကုန်ပစ္စည်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ထုတ်ကုန်ပစ္စည်းများအား နိုင်ငံတကာ ဈေးကွက်မီရေးအတွက် ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းများကို အရည်အသွေးမြှင့်တင်ဆောင်ရွက်ကြရ မှာဖြစ်ကြောင်း၊ ကုန်ထုတ်များ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုဘဝ ဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)