မိတ္ထီလာ အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် ယမန်နေ့ည (သီတင်းကျွတ် လပြည့်နေ့ည)က ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲ ပါဝင်ဆင်နွှဲသူများ၊ ဘုရားဖူးလာသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
“ဓမ္မသုခရွှေစည်းခုံစေတီတော်ရင်ပြင်တော်မှာ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လပြည့်နေ့နဲ့ လပြည့် ကျော် ၁ ရက်နေ့ ၃ ရက်တိုင် ဆီမီးတစ်ထောင်ပူဇော်ပွဲကို ကျင်းပပြုလုပ်တာဖြစ်ပြီး မနေ့ကသီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲ ပါဝင်ဆင်နွှဲပူဇော်သူများ၊ ဘုရားဖူးလာဧည့်သည်များနဲ့ အလွန်စည်ကားသိုက်မြိုက်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ ရုံးပိတ်၊ အလုပ်ပိတ်ရက်ကြသူတွေများသလို မိတ္ထီလာမြို့မဈေးကြီးပိတ်ရက်လည်းဖြစ်တော့ ဒေသခံတွေရဲ့ အလုပ်အားလပ်ရက်လည်းဖြစ်၊ အခါကြီးရက်ကြီးလည်းဖြစ်တာကြောင့် စည်ကားသိုက်မြိုက်တာဖြစ်ပါတယ်” ဟု အဆိုပါစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဇော်မိုးက ပြောသည်။
အလားတူ မိတ္ထီလာမြို့ပေါ်ရှိ သမိုင်းဝင်ရွှေမြင်တင်စေတီတော်၊ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်၊ မိုးကောင်းအန္တကူရေလယ်စေတီတော်၊ နဂါးမဟာဗောဓိ စေတီတော်၊ ရွှေစောလူးစေတီတော်၊ ထီးသုံးဆင့်၊ ရွှေမြင်မိ၊ လေးမျက်နှာစေတီတော် စသည့် ဘုရားစေတီတော်များတွင် ဘုရားဖူးလာရောက်သူများ၊ ဆီမီးထွန်းညှိ ပူဇော်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ